မှတ်ဥာဏ်ကောင်းသူ၊ စ...
 
Share:
Notifications
Clear all

မှတ်ဥာဏ်ကောင်းသူ၊ စာတတ်သူ နဲ့ ပညာတတ်သူ


Aung
 Aung
(@aung)
Editor/Blogger Moderator
Joined: 8 months ago
Posts: 182
Topic starter  

၁၉၈၈ အရှေ့ပိုင်း ဆိုရှယ်လစ်ခေတ် ပညာရေး စံနစ်အောက်မှာ ကျောင်းစာ သင်လာခဲ့ရတဲ့ မိမိတို့မှာ ကျောင်းစာများကို လေ့လာတဲ့ အခါ အများအားဖြင့် ‘၏၊သည်’ မရွေး ကျက်မှတ်ကြရပြီး၊ ဒီလို မေးလာရင် ဒီလိုဖြေ ဆိုပြီး တစ်ပွဲတိုး အသေမှတ်ကြရပါတယ်။

အဲဒီ အကျိုးဆက်ကတော့ တတန်းပြီး တတန်းသာ အောင်လို့လာခဲ့တယ်၊ နောက်တတန်း တက်တဲ့ အခါ ပြီးခဲ့တဲ့ အတန်းက စာတွေကို မမှတ်မိတော့ပါဖူး။ ဒီ့ထက် ဆိုးတာက ဘာစာက ဘယ်လို ဘာကို ဆိုလိုသလဲ ဆိုတာကို ကောင်းကောင်း နားမလည်တာပါဘဲ။ ဒါပေမဲ့လဲ စာမေးပွဲတော့ အောင်တာပါဘဲ။

မှတ်မိပါသေးတယ်…၊ တစ်ခါက ပုဂံမြို့ကို မိမိနဲ့ အတူ ပြင်သစ်နိုင်ငံသူ တစ်ယောက်ရယ်၊ အမေရိကန် နိုင်ငံသား တစ်ယောက်ရယ်နဲ့ သွားလည်ပတ်ခဲ့တဲ့ အခါက ဖြစ်ပါတယ်။ အာနန္ဒာ ဘုရားကို ရောက်တဲ့ အခါ ဘုရား သမိုင်းကို ၁၀ နှစ်သား ပုဂံမြို့က ဘုန်းကြီးကျောင်းသားလေး တစ်ယောက် အနားရောက်လာပြီး ပြင်သစ်ဘာသာနဲ့ ဒိုးဒိုး ဒေါက်ဒေါက် ရှင်းပြတဲ့အခါ မိမိနဲ့ လိုက်ပါလာတဲ့ ပြင်သစ်နိုင်ငံသူမှာ အကြီးအကျယ်အံ့အားသင့်သွား ခဲ့ပါတယ်။ သူကဘဲ တစ်ခါ အမေရိကန် နိုင်ငံသားကိုလဲ အင်္ဂလိပ်လို မွှတ်နေအောင် တစ်လုံးမှ မမှားဘဲ ရှင်းပြတဲ့အခါ၊ နိုင်ငံခြားသားတွေဟာ ဘုရားသမိုင်းထက် အဲဒီကောင်ကလေးကို အင်မတန်မှ စိတ်ဝင်စားသွားကြပါတယ်။ ဒါနဲ့ အဲဒီကောင်ကလေးကို ပြင်သစ်သူက ပြင်သစ်လို – “မင်းနာမယ် ဘယ်လိုခေါ်လဲ? ဘယ်မှာနေလဲ?” လို့ မေးတဲ့ အခါမှာတော့ ကောင်ကလေးက အူကြောင်ကြောင်လေး ပြန်ကြည့်နေပါတော့တယ်။ ဒီအခါ အမေရိကန်သားက အင်္ဂလိပ်လို မေးတဲ့အခါလဲ ပြန်မဖြေဘဲ ပြုံးပြီးသာကြည့်နေလို့ – မိမိက မြန်မာလို ဝင်ပြီး “မင်းနာမယ် မေးနေတာလေ…” လို့ ပြောတော့မှ၊ သူက – သူ့နာမယ်ကို ပြောပြပါတယ်။

တကယ်တော့ အဲဒီကောင်ကလေးဟာ ပြင်သစ်စကား၊ အင်္ဂလိပ်စကား ကောင်းကောင်း ပြောနိုင်တာ မဟုတ်ပါဖူး။ ဘုရားသမိုင်းကိုလဲ ကောင်းကောင်း သိတာ မဟုတ်ပါဖူး။ ဘုရားသမိုင်းကို ပြင်သစ်လို နဲ့ အင်္ဂလိပ်လို ရှင်းပြထားတဲ့ အသံထွက် တိတ်ခွေနဲ့ အာဂုံဆောင် ကျက်မှတ်ထားတာသာ ဖြစ်ပါတယ်။

ဒီလိုလူမျိုးကိုဖြင့် ပညာတတ်သူလို့လဲ ခေါ်လို့မရ၊ စာတတ်တယ်လဲ ပြောမရ၊ မှတ်ဥာဏ်ကောင်းသူ သက်သက်သာ ဖြစ်ပါတော့မယ်။

အဲသည်လိုဘဲ ရန်ကုန်မြို့ အစိုးရကျောင်းမှာ ၁၀ တန်းတက်နေတဲ့ ကျောင်းသားတစ်ယောက်ဟာလဲ ကျောင်းစာတွေကို အာဂုံဆောင် ကျက်မှတ်နေရတဲ့ အခါ၊ ပုဂံမြို့က နိုင်ငံခြားသား ဧည့်သည်တွေကို ဘုရားသမိုင်း ရှင်းပြနေတဲ့ ၁၀နှစ်သား ဘုန်းကြီးကျောင်းသားလေးများ နဲ့ သိပ်မကွာခြားလှပါဖူး။ သို့သော် အတန်းကျောင်း တက်လာခဲ့သူတွေမှာတော့ စာရေးတတ် ဖတ်တတ်ကြပါတယ်။ ဒါပေမဲ့ အာဂုံဆောင်တဲ့ အလေ့အကျင့်နဲ့ စာဖတ်ကြတဲ့ အခါမှာတော့ စာရေးထားတဲ့ အကြောင်းအရာကို ကောင်းကောင်း နားလည် သဘောပေါက်အောင် မဖတ်တတ်တော့ဘဲ ကိုယ်ထင်ရာကို ဆွဲတွေးတတ်တဲ့ အကျင့်ဖြစ်နေပါတော့တယ်။ ဒီလိုလူမျိုး တော်တော်များများကို ဒီနေ့ခေတ်လို ဖေ့စ်ဘွတ်ပေါ် မှတ်ချက်ရေးကြတဲ့ စာတွေမှာလေ့လာကြည့်ရင် တွေ့နိုင်ပါတယ်။

လက်တွေ့တခု ပြောပြရမယ်ဆိုရင် - အထက်ကအတိုင်း ဖေ့စ်ဘွတ်ပေါ်မှာ ရေးခဲ့ဖူးတဲ့ စာကို မှတ်ချက်ပေးသူ တယောက်က ဒီလိုရေးပါတယ် - 

"သုစိပုဘာဝိလိသိဓာရဲ့အဓိပ္ပာယ်ရောသိလောက်ပါဘူး။နောက်သူတို့ပြောတဲ့ thinking ဆိုတာဗျာတရားရှုတဲ့ဟာလိုဘဲထင်ပါရဲ့"

ဒါဟာဖြင့် မှတ်ချက်ရေးသူမှာ သူကိုယ်တိုင် "သုစိပုဘာဝိလိသိဓာ" ရဲ့အဓိပ္ပာယ်မှာ "ကြားနာ၊ မေးမြန်း၊ အာဂုံဆောင်၊ ကြံစည်" လို့ဆိုတာကို နားမလည်ဘဲ အာဂုံဆောင်ခြင်း သက်သက်နဲ့သာ ကိုယ့်အသိတခုကိုဘဲ စွဲကိုင်ထားတတ်တယ် ဆိုတဲ့ သာဓက တခုဖြစ်ပါတယ်။

ဒီလိုလူမျိုးကိုတော့ စာရေးတတ် ဖတ်တတ်သူမို့ စာတတ်သူလို့ ပြောနိုင်ပေမဲ့ ပညာတတ်သူတော့ မဟုတ်ပါဖူး။ အကြောင်းအရာ တခုကို လေ့လာဆန်းစစ်ဖို့ မဆိုထားနဲ့၊ အဓိပ္ပါယ် သဘောတရားကို နားလည်အောင် အလုပ်လုပ်နိုင်တဲ့ ဦးနှောက်ကို အသုံးမချတာ ကြာလာတဲ့ အခါ၊ ထိုဦးနှောက်အပိုင်းက အသုံးချမရတော့ဘဲ အခန်း တခု ပျက်စီးသွားတော့ - သူလိုလူမျိုးကို ပညာတတ်ဖို့ ပညာသင်ဖို့မှာ အင်မတန် ခက်ခဲသွားပါပြီ။

ဒါ့ကြောင့်မို့ စာရွတ်တတ်တိုင်းလဲ စာတတ်သူမဟုတ်ပါဖူး၊ စာတတ်တိုင်းလဲ ပညာတတ်သူ မဟုတ်ပါဖူး၊ အကြောင်းအရာ တခုကို ကိုယ်တိုင် စူးစမ်း ရှာဖွေလေ့လာတတ်ပြီး၊ နားလည်သဘောပေါက်အောင် ဦးစွာ လေ့လာဆန်းစစ်ပြီးမှ ဝေဖန်သုံ့သပ်တတ်သူကိုသာ ပညာတတ်သူလို့ မှတ်ယူရမှာပါ။

Never were truer words spoken on this board.


ReplyQuote

Leave a reply

Author Name

Author Email

Title *

Maximum allowed file size is 5MB

Preview 0 Revisions Saved