Share:
Notifications
Clear all

ဝဋ်လည်လေသလား


Aung
 Aung
(@aung)
Editor/Blogger Moderator
Joined: 4 months ago
Posts: 178
Topic starter  

ဝဋ်လည်တယ်ဆိုတာကို မြန်မာလူမျိုးတို့ ယုံကြည်ကြပါတယ်။ ဒါပေမဲ့ ဝဋ်ဆိုတာဟာ ရှေးဘ၀က ကုသိုလ်ကံကြောင့် အခုဘဝမှာ ဖြစ်ရသလို ထင်မြင်ကြတာလဲ ရှိပါလိမ့်မယ်။ စာရေးသူကိုယ်တိုင်ရဲ့ ထင်မြင်ယူဆချက်ကတော့ ဝဋ်လည်တယ်ဆိုတာ ရှေးကပြုခဲ့တဲ့ ကံအကြောင်းကြောင့်ထက် ယခုဘ၀မှာဘဲ မကြာသေးခင်က ပြုခဲ့တဲ့ ကံအကြောင်းကြောင့် အကျိုးတူ ပြန်ခံကြရတယ်လို့ တွေ့မြင်မိပါတယ်။

ဒီနေ့ မြန်မာပြည်ရဲ့ အခြေအနေကို လေ့လာကြည့်ရင် - အင်မတန်မှစိတ်မကောင်းစရာ၊ စိတ်ထိခိုက်စရာ၊ စိတ်မချမ်းသာစရာတွေချဉ့်ပါဘဲ။ စစ်တပ်နဲ့ ရဲတွေဟာ လက်နက်မဲ့တဲ့ အပြစ်မဲ့ပြည်သူတွေကို အကြမ်းဖက် အနိုင်ကျင့် သတ်ဖြတ်နေကြပါတယ်။ တရားဥပဒေမဲ့ လုပ်ရပ်တွေကို ကျူးလွန်နေပေမဲ့လဲ ကမ္ဘာကြီးဟာ ထိထိရောက်ရောက် ၀င်ရောက် အရေးယူနိုင်စွမ်းမရှိဖြစ်နေပါတယ်။ ဒီလိုအခြေအနေမှာ မိမိတို့ ပြည်သူတွေဟာ အကူအညီမဲ့နေသလို ခံစားနေရပြီး၊ မိမိတို့ဖက်က ရပ်တည်ပေးမဲ့၊ အကာအကွယ်ပေးမဲ့သူကို မျှော်လင့်နေကြရပါတယ်။

ဒီအကြောင်းတွေဟာ ဝဋ် ဖြစ်လေသလားလို့ သံသယဝင်စရာ ဖြစ်လာပြီး၊ မကြာသေးခင်နှစ်အနည်းငယ်ကို ပြန်ကြည့်ခဲ့ မိပါတယ်။

ရခိုင်ပြည်နယ်ဖက်မှာ ရိုဟင်ဂျာလို့ခေါ်တဲ့ မွတ်စလင်လူမျိုးတွေကို မြန်မာစစ်တပ်က အကြမ်းဖက် သတ်ဖြတ်ခဲ့ကြပါတယ်။ အဲဒီတုန်းက စာရေးသူကိုယ်တိုင်မှာ ဒီအရေးအခင်းကို စိတ်ဝင်စားမှု မရှိခဲ့ပါဖူး။ သို့သော် လူမှုကွန်ယက်မှာ ရေးနေကြတာ ဖြန့်ဝေနေကြတာတွေတော့ တစွန်းတစ ဖတ်မိပါတယ်။

"ဒီကုလားတွေဟာ သူတို့အိမ်သူတို့ မီးရှို့ဖျက်ဆီးပြီး စစ်တပ်က မီးရှို့တယ်လို့ စွပ်စွဲတယ်" ဆိုပြီးပြောကြတာတွေ ဖတ်ခဲ့ရပါတယ်။

အနောက်နိုင်ငံတွေကဝင် ပြောတဲ့အခါ "ဒါဟာ ပြည်တွင်းရေးကိစ္စ၊ နားမလည်ဘဲ ဝင်မပါနဲ့" ဆိုတာမျိုး၊ ကုလသမဂ္ဂမှာ တရုတ်က ဗီတိုသုံး ပယ်ချလိုက်တော့ "အိမ်နီးချင်းကောင်း ပီသတယ်" ဆိုတာမျိုးတွေလဲ တွေ့ရပါတယ်။

"ဒီကုလားတွေဟာ တတိယနိုင်ငံတွေမှာ ခိုလုံခွင့်ရချင်လို့ တမင်သက်သက် အကွက်တွင် လုပ်နေကြတာ" လို့လဲ ကြားသိခဲ့ရပါတယ်။

တချိန်တုန်းက မြန်မာ့အရေးအခင်းတွေ၊ အထူးသဖြင့် ၈၈ အရေးအခင်းကို နှစ်စဉ်မပြတ် နှစ်ပတ်လည် အစီအစဉ် အမြဲတင်ဆက်ပေးနေခဲ့တဲ့ အယ်လ်ဂျာဇီးယား ရုပ်သံကိုပင် "သူတို့ကုလားဖက် သူတို့လိုက်ပြောတယ်" ဆိုပြီး သပိတ်မှောက်ဖို့ ပြောကြပါတယ်။

ရွာသားတွေကို စစ်တပ်က ပစ်သတ်ခဲ့တဲ့ သတင်းကို ရိုက်ကူးတင်ပြခဲ့တဲ့ သတင်းထောက် ၂ယောက်ကိုတောင် သေဒဏ်ပေးသင့်တယ်လို့ ဆိုကြပါသေးတယ်။

နောက်ဆုံး ဒီကိစ္စဟာ အိုင်စီဂျေ အထိရောက်သွားခဲ့တဲ့အခါ- ဒါဟာ လူမျိုးတုန်း သတ်ဖြတ်မှုမဟုတ်ပါဖူး၊ မြန်မာနိုင်ငံကို R2P ဝင်ဖို့မသင့်ပါဖူး၊ ဆိုပြီး ဝိုင်းရံခဲ့ကြတာကိုလဲ သိခဲ့ရပါတယ်။

အမှန်အတိုင်း ဝန်ခံရရင် စာရေးသူဟာ အပေါ်မှာ ရေးပြခဲ့တဲ့အတိုင်း ဖတ်ရ၊ သိရသမျှကို သာမာန်ဘဲ အလေးအနက်မထားဘဲ ရှိခဲ့ပါတယ်။

အခုမြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်ပြီးတဲ့ နောက်ပိုင်း မြန်မာပြည်က သတင်းတွေ နေ့စဉ်မပြတ် နေရာပေါင်းစုံကနေ ဝင်လာတဲ့ အခါမှာတော့ - နိုင်ငံတကာဖက်က တုန့်ပြန်ရေးသားချက်တွေနဲ့ ယခင်က ပြည်တွင်း လူမှုကွန်ယက် အသိုင်းအဝိုင်းက ရေးသားချက်တွေ၊ လက်ရှိပြည်တွင်းက ထွက်လာတဲ့ သတင်းတွေ၊ ပြည်သူလူထုရဲ့ အသံတွေကို အလေးအနက်ထား ဖတ်ရှုနားထောင် လေ့လာကြည့်မိခဲ့ပါတယ်။

"လူနေရပ်ကွက်တွေထဲမှာ မီးကွင်းတွေ ပစ်တယ်" ဆိုတာ တကယ်ပါ၊ စက်ရုံတွေကို မီးရှို့ပြတာလဲ သူတို့ပါပဲ၊ ဒါကိုကမ္ဘာက သိအောင် ပြောကြပါ၊ ပြကြပါ ဆိုတဲ့အခါ - ကမ္ဘာက တုန့်ပြန်မှုကို အောက်ပါအတိုင်း ဖတ်ရပါတယ်။

"ယခင် ရိုဟင်ဂျာတွေ သူတို့အိမ်ကိုသူတို့ မီးရှို့ဖျက်ဆီး ကြတယ်လို့ ပြောကြတုန်းက ကမ္ဘာကြီးက မယုံကြည်ခဲ့ပါဖူး၊ အခုလဲ မီးလောင်တာတွေဟာ ဆန္ဒပြသူတွေရဲ့ လက်ချက်ဆိုတာ မယုံကြည်ပါဖူး"

ဒီတော့ ကမ္ဘာကြီးက မှန်မှန်ကန်ကန် မြင်ခဲ့ပါသလား၊ ဘက်လိုက်လို့ ကြည့်မြင်ခဲ့ပါသလား ဆိုတာတော့ ကိုယ်တိုင် ဆန်းစစ်ကြည့်ဖို့သာ ရှိပါတော့မယ်။

ခုအချိန်မှာတော့ တရုတ်ပြည်လဲ အိမ်နီးချင်းကောင်း မဟုတ်တော့ပါဖူး၊ အခုကိစ္စဟာ ပြည်တွင်းရေးကိစ္စလဲ မဟုတ်တော့ပါဖူး၊ R2P လဲအလျှင်အမြန် ဝင်သင့်နေပါပြီ။

စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုပ်မှုတွေကို မှတ်တမ်းတင်ပေးနိုင်တဲ့ သတင်းထောက်တွေဟာလဲ သူရဲကောင်းတွေဖြစ်ပြီး၊ ဒီလိုသတင်းတွေ ရယူလို့ ဖမ်းဆီးခံရတဲ့ သတင်းထောက်တွေကိုလဲ ဝိုင်းရံကြလို့ သူတို့လွတ်မြောက်စေဖို့ တောင်းဆိုကြရပါတော့တယ်။ တချိန်က သေဒဏ်ပေးသင့်တယ်လို့ ပြောခံခဲ့ကြရတဲ့ သတင်းထောက်တွေဟာ စစ်တပ်ရဲ့ လုပ်ရပ်အမှန်တွေကို ကမ္ဘာက သိအောင် တက်တက်ကြွကြွနဲ့ ထိထိရောက်ရောက် သတင်းယူ ဖြန့်ဖြူးပေးနေကြပြန်တယ်ဆိုတော့ - လူမှုကွန်ယက်က အသံတွေဟာ ချင့်ချိန်ကြည့်စရာတွေ ဖြစ်လာပါတော့တယ်။

ဒါ့ကြောင့်မို့ တချိန်က စိတ်ဝင်တစား မရှိခဲ့တဲ့ ရခိုင်ပြည်နယ်ဖက်က မွတ်စလင် ရိုဟင်ဂျာတွေရဲ့ သတင်းအစအနတွေကို ပြန်ကောက် ဖတ်ကြည့်ခဲ့ပါတယ်။

ထိုအချိန်က ရခိုင်ပြည်နယ်ဖက်မှာ အင်တာနက်တွေ ဖြတ်တောက်ခံထားရတာတကြောင်း၊ မြန်မာလူမျိုးများဟာ ကုလားကို မုန်းတီးတဲ့ စိတ်ရှိကြတာကြောင့် ရိုဟင်ဂျာအကြောင်း ရေးတဲ့ မြန်မာသတင်းဌာနတွေမှာ ရိုဟင်ဂျာ ဆိုတဲ့ စကားလုံးကိုပင် မရေးဝံ့ကြဘဲ (စာဖတ်သူ ပရိတ်သတ် ဆုံးရှုံးမှာ စိုးရိမ်ရလို့လားမသိ)၊ သတင်းတွေကို ထိန်းထိန်းသိမ်းသိမ်း ဖော်ပြခဲ့ကြတာတကြောင်း၊ အကြောင်းကြောင်းကြောင့် လူမျိုးစုတခုဖက်က သီးသန့်ရပ်တည်ခြင်းမရှိတဲ့ ဘက်မလိုက်တဲ့ သတင်းတွေကို နိုင်ငံခြား သတင်းဌာနတွေနဲ့ သတင်းထောက်တွေရဲ့ ရေးသားချက်တွေမှာသာ ရှာယူဖတ်ရှုခဲ့ရပါတယ်။

ဒီအကြောင်းအရာကို ဆွေးနွေးတင်ပြမယ် ဆိုရင်ဖြင့် စာတအုပ်ဖြစ်သွားနိုင်ပါတယ်၊ ဒါ့ကြောင့်မို့ လိုရင်းကိုဘဲ ရေးပါရစေ။

ဘယ်လူမျိုးဖြစ်ပါစေ နေရာတခုမှာ မျိုးဆက် ၂ ဆက်၊ ၃ ဆက်လောက် မဆိုထားနဲ့ ၁၀နှစ်ကျော်လောက် နေထိုင်ခဲ့ဖူးပြီးရင် သူတို့ဟာ သူတို့ရဲ့ နေထိုင်ရာနေရာကို သူတို့အိမ်လိုဘဲ ခံစားကြရပါတယ်။ ထိုင်းမှာလဲ ကိုယ့်အိမ်လို ဖြစ်နေကြတဲ့ မြန်မာတွေ အပုံအပင်၊ ‌ဒီ့ပြင် စင်္ကာပူ၊ မလေးရှား၊ အမေရိကား၊ သြစတေးလျများမှာပါ ကိုယ့်အိမ်လို နေထိုင်နေကြတဲ့ မြန်မာလူမျိုးတွေ အများအပြားရှိနေကြသလို၊ မြန်မာပြည်မှာလဲ ဒီ ရိုဟင်ဂျာဘဲ ခေါ်ခေါ်၊ ဘင်္ဂါလီဘဲ ခေါ်ခေါ်၊ မွတ်စလင် ကုလားလူမျိုးဟာ သူတို့ မျိုးဆက် အတန်ကြာနေထိုင်လာခဲ့တဲ့ နေရာကို သူတို့အိမ်လိုဘဲ သတ်မှတ်နေတာကို အပြစ်သွားပြောလို့ မဖြစ်ပါဖူး။ ဥပဒေစိုးမိုးမှုရှိတဲ့ တိုင်းပြည်မှာ ဆိုရင် အဲဒီနိုင်ငံရဲ့ ဥပဒေဘောင် စည်းမျဥ်းစည်းကမ်းများ အတိုင်းသာ အဲဒီနိုင်ငံတွင်းမှာ ဧည့်သည်ဖြစ်ဖြစ်၊ အိမ်ရှင်ဖြစ်ဖြစ် နေကြရမှာဘဲ ဖြစ်ပါတယ်။ ဥပဒေနဲ့ မညီရင်ဖြင့် ဥပဒေအတိုင်းသာ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ သို့သော် ဥပဒေနဲ့ မညီလို့ ပြောပြီး လူရာထောင်ချီ သတ်ဖြတ်၊ မင်းမဲ့ဇရိုက် နဲ့ အကြမ်းဖက်တာမျိုးကိုတော့ ယဥ်ကျေးမှု အဆင့်အတန်းရှိတဲ့ နိုင်ငံနဲ့ လူမျိုးတိုင်းက ရှုံ့ချ ကဲ့ရဲ့ လက်သင့်ခံကြမှာမဟုတ်ပါဖူး။

အခုလဲ မြန်မာနိုင်ငံမှာ မဲစာရင်းကိစ္စ ဆိုတာဟာ ဥပဒေနဲ့ ဖြေရှင်းရမဲ့ ကိစ္စဖြစ်သော်လည်း၊ ဥပဒေနဲ့ မဖြေရှင်းဘဲ လူတွေသတ်ဖြတ် အကြမ်းဖက်နေတာကို ယဥ်ကျေးမှုအဆင့်အတန်းရှိတဲ့ ဘယ်နိုင်ငံ ဘယ်လူမျိုးမှ လက်မခံကြပါဖူး။ ဒါဟာအထက်က ပြောခဲ့သလိုပါဘဲ - မြန်မာကိုမှ မဟုတ်ပါဖူး၊ ကုလားကိုမှ မဟုတ်ပါဖူး၊ တရုတ်ကိုမှ မဟုတ်ပါဖူး - လူ့အောက်တန်းစားတွေရဲ့ အောက်တန်းကျတဲ့ လုပ်ရပ်မှန်သမျှကို အဆင့်အတန်းရှိတဲ့ လူ့အသိုင်းအဝိုင်းက လက်သင့်မခံနိုင်တဲ့ သဘောပါဘဲ။

တချိန်ကတော့ အသားအရောင်မတူတဲ့၊ ယုံကြည်ကိုးကွယ်မှုမတူတဲ့ သူတွေကို သုတ်သင်ပါတယ်၊ အခုတော့ နိုင်ငံရေး အမြင်မတူတဲ့၊ ကိုယ်နဲ့ သဘောချင်းမတိုက်ဆိုင်တဲ့သူတွေကို သုတ်သင်ပါတယ်။ တဖက်ကို သုတ်သင်နေချိန်မှာတော့ အခြားတဖက်က လက်ပိုက်ကြည့်နေခဲ့ရုံမက အားပေးခဲ့ပါသေးတယ်၊ အခု ကိုယ့်ဖက်ကို လှည့်လာပြီဆိုတော့ - ဒါဟာ အကြောင်းအရာတခုကို မှန်မှန်ကန်ကန် ရှုမြင်ပြီး ဆန်းစစ်ကြည့်တတ်သူ တယောက်အဖို့ ကံအကျိုးပေး တပတ်ပြန်လည်ခြင်း၊ သို့မဟုတ် ဝဋ်လည်ခြင်းလို့ မြင်ကောင်းမြင်မိပါလိမ့်မယ်။ သို့သော် ဒီအဖြစ်အပျက် အကြောင်းတရားတွေကို ဝဋ်အနေနဲ့ မှတ်ယူသည်ဖြစ်စေ၊ မမှတ်ယူသည် ဖြစ်စေ၊ အောက်မှာ ကူးယူဖော်ပြထားတဲ့ တချိန်က မိမိတို့ လက်သင့်မခံနိုင်ခဲ့တဲ့ ရိုဟင်ဂျာအရေး တက်ကြွလှုပ်ရှားသူ ရိုနေဆန်းလွင် ပြောတဲ့ စကားတခွန်းကတော့ မှတ်သားလောက်စရာ ဖြစ်လိမ့်မယ်ထင်ပါတယ်။

ကျွန်တော့် Activism နှစ် ၂၀ ပြည့်တော့မယ်။ ဒီထက်အဆပေါင်းများစွာဆိုးရွားတဲ့ အခြေအနေတွေ ကျွန်တော်တို့ ကြုံတွေ့ခဲ့ရတယ်။ လာကယ်ကြပါလို့ အသံကုန်ဟစ်အော်ခဲ့ဖူးတယ်။ အခြေအနေတွေက ကိုယ့်ဘက်ကို ရပ်တည်မပေးခဲ့လို့ စိတ်ဓါတ်မကျခဲ့ဘူး။ တစ်နေ့တော့ အောင်မြင်ရမယ်ဆိုတဲ့ စိတ်နဲ့ တစ်နေ့မှ မနားဘူး။ တစ်နေ့အောင်မြင်ရမယ်ဆိုတဲ့စိတ်နဲ့ ဇွဲရှိရှိဆက်တိုက်တယ်။ ကျွန်တော်တို့ခံရတုန်းက တစ်တိုင်းပြည်လုံးနဲ့ ကျွန်တော်တစ်ယောက်တည်း။ အားလုံးက ဝိုင်းဆဲကြ၊ အသေသတ်မယ်ဆိုပြီး ခြိမ်းခြောက်စာတွေပို့ .. အဲလိုအခြေအနေမှာတောင် ကျွန်တော်စိတ်ဓါတ်မကျခဲ့ဘူး။ အခုခင်ဗျားတို့နဲ့အတူ ရပ်တည်ပေးနေတဲ့ ကမ္ဘာကြီးရှိသလို၊ ခင်ဗျားတို့ မုန်းတီးခဲ့တဲ့ ကျွန်တော်တို့တောင် ခင်ဗျားတို့နဲ့အတူရှိနေတယ်။ ရန်သူဆိုလို မအလ အုပ်စုတစ်စုတည်းရှိတာပါ။ စိတ်ဓါတ်မကျပါနဲ့။

Never were truer words spoken on this board.


ReplyQuote

Leave a reply

Author Name

Use only English letters in the name.

Author Email

Your email address will not be published.

Title *

(မြန်မာစာဖြင့် ရေးသားလျှင် ယူနီကုဒ်ကို အသုံးပြုပါ)

Maximum allowed file size is 5MB

Preview 0 Revisions Saved