Share:
Notifications
Clear all

ပြည်ပရောက် အချောင်သမားများ အကြောင်း


Aung
 Aung
(@aung)
Editor/Blogger Moderator
Joined: 10 months ago
Posts: 182
Topic starter  

ဦးနေဝင်းခေတ် ၂၅နှစ်လောက် မြန်မာပြည်ဟာ ခေတ်နောက်ကျသွားခဲ့တယ် လို့ ပြောပေမဲ့ တကယ်တန်း အဲဒီအချိန်တွေမှာ ပြည်ပနိုင်ငံတွေဟာ အပြိုင်အဆိုင် အရှိန်အဟုန်နဲ့ တိုးတက် ပြောင်းလဲခဲ့တာမို့ နှစ် ၂၅၀ လောက်တောင် နောက်ကျကျန်ခဲ့တယ်လို့ ဆိုနိုင်ပါလိမ့်မယ်။

အနေအထိုင် အကျင့် စရိုက် ပုံစံတွေ ကွာခြားလာတာမှာ လူနေမှု အဆင့်အတန်းလဲ အလွန့်အလွန် နှိမ့်ပါးသွားတဲ့ မြန်မာပြည်သား တစ်ယောက်ဟာ ခေတ်မှီ တိုးတက်တဲ့ နိုင်ငံခြား တိုင်းပြည်တစ်ခုကို ရောက်တဲ့ အခါမှာတော့ တကယ့်ကို ရွာသား မြို့ရောက် ဆိုသလိုပါဘဲ။

ရွာသားမြို့ရောက်တော့ ကို့ရို့ကားယား ဖြစ်တော့တာပေါ့။ မြို့သားတွေကလဲ ရွာသားတွေကို သိပ်အပေါင်းအသင်း မလုပ်ချင်တော့ အဘတို့ရွာသားတွေဟာ သူတပါး တိုင်းပြည်မှာ ကိုယ့်ရွာသူ ရွာသားများ အချင်းချင်းဘဲ ပေါင်းသင်း ဆက်ဆံ နေကြရတော့ပါတယ်။

လမ်းသွားလမ်းလာရင်း မြန်မာနဲ့ တူရင်၊ မြန်မာစကားသံ ကြားရင်…
“မြန်မာပြည်ကလား?…”
“ဘယ်ကလာသလဲ?…”
“ဘယ်မှာနေသလဲ?…” စသည်ဖြင့် ပျူပျူဌာဌာ မိတ်ဖွဲ့ကြပြီး၊
“အိမ်ကိုလာလည် အုံးလေ…”
“ထမင်းဝင်စားပါ” ဆိုပြီး မြန်မာအချင်းချင်း ရင်းနှီးမှု ရှာကြရပါတယ်။

ဒါပေမဲ့ ဒီလိုနဲ့ စပြီး ခင်မင် ရင်းနှီးကြပြီဆိုရင်တော့ –
အဘတို့ရွာက ရွာသား ၁၀၀ မှာ ၉၀ ယောက်လောက်က ပရဟိတ သမားတွေ ဖြစ်နေကြတာ တွေ့ရပါလိမ့်မယ်။ အဲဒီ ၉၀ ယောက်မှာ အယောက် ၅၀ လောက်ကတော့ သူတို့ရဲ့ အိတ်ထဲမှာ အလှူခံ ဖြတ်ပိုင်းတွေ တပါတည်း ရှိတတ်ကြပါတယ်။ ကျန် ၄၀ ယောက်ကတော့ ဖြတ်ပိုင်းမပါပင်မဲ့ အားလုံးကတော့ အလှူခံကြပါတယ်။

“စေတနာ ရှိသလောက်ပေါ့…”
“တတ်နိုင်သလောက်ဘဲ လှူပါ”
“ငါးမူးဖြစ်ဖြစ် တကျပ်ဖြစ်ဖြစ် ရပါတယ်”

ကိုယ့်ရွာအတွက်၊ ကိုယ့် ရွာသူ ရွာသားများအတွက် တပြားမှ စေတနာ မရှိဖူး ဆိုရင်လဲ ရိုင်းရာ ကျမှာ စိုးတဲ့အတွက် ပထမတော့ နဲနဲပါးပါး အလှူအတန်း ပါဖြစ်ပါသေးတယ်။ နောက်တော့ တွေ့သမျှ မြန်မာပြည်ကလာပြီ ဆိုတာနဲ့ အလှူခံချဥ်း တိုးနေတော့ကာ – “တပြားမှကို လက်ထဲမှာ လှူဖို့အတွက် အပိုမရှိဖူး” လို့ အားမနာ ပြောရပါတော့တယ်။

ယုံချင်ယုံ၊ မယုံရင်လဲ မတတ်နိုင်ပါ၊ အမှန်အတိုင်း ပြောရရင် တစ်ခါက အဲသည်လို အလှူခံတစ်ယောက်နဲ့ တွေ့တာမှာ ‘ငွေမပါဖူး’ လို့ ပြတ်ပြတ် ပြောလိုက်တာပင် – “အကို တတ်ထားတဲ့ နေကာမျက်မှန်လေး လှူဖို့ ထဲ့မယ်ဆိုလဲ ရပါတယ်၊ ဟိုမှာ မျက်လုံး ခွဲစိတ်ထားရပြီး နေရောင်မကြည့်နိုင်လို့ နေကာမျက်မှန်လဲ မတတ်နိုင်လို့ တနေ့လုပ်မှ တနေ့စားရသူတွေမှာ အပြင်မထွက်ရဘဲ အလုပ်မသွားနိုင်တဲ့ အတွက် အကို ကုသိုလ်ရပါတယ်” လို့ ဆိုတဲ့သူက ရှိပါသေးတယ်။

နောက်တခါ ထူးခြားတာက အဲဒီ ပရဟိတ သမား တွေမှာမှ အများစုဟာ သူများ အကျိုးကို သယ်ပိုးနေသော်လည်း ကိုယ်တိုင်မှာ အခြေမခိုင် ယိုင်တိုင်တိုင် ဖြစ်နေကြလို့ ငွေမလည်တာနဲ့၊ ငွေ အစဥ်မပြေတာနဲ့၊ ငွေကြပ်နေတာနဲ့ သူတို့ ဒုက္ခက ပိုကြီးနေသလို ဖြစ်နေပါတယ်။

ဒီတော့ နောက်ဆုံး အလှူခံလို့ မဖြစ်နိုင်တော့ဖူး ဆိုတဲ့ အခါမှာတော့ – “အကို့မှာ ငွေနဲနဲ ပါးပါး အစဥ်ပြေရင် ခဏလောက် လှည့်ပါလား?” ဆိုတာ ဖြစ်လာပါတော့တယ်။

ဒီလိုလဲ ငွေချေးဌားလို့ အစဥ်မပြေရင်တော့ – ဟို အကူအညီလေးများ၊ ဒီ အကူအညီလေးများ ရမလားလို့ တောင်းကြပါတော့တယ်။ ရရာ ရလမ်း ရှိသမျှကို နှိုက်နှိုက်ချွတ်ချွတ် မရှက်မကြောက် တောင်းရမ်းခြင်း အမှု ကျွမ်းကျင်တဲ့ အဘတို့ ရွာသားများမှာ နောက်ဆုံးပိတ် အဆုံးစွန်ဆုံး ကားကြုံလိုက်စီးရ လိုက်စီးရ ဆိုတဲ့ ရသမျှသော အခွင့်အလမ်းများကို ရှာတတ်ကြပါပေတယ်။

ထိုင်းမှာ နေခဲ့ဖူးစဥ်က တွေ့ဖူးသော မြန်မာအသိုင်းအဝိုင်း၊ နောင် စင်္ကာပူမှာ နေခဲ့တုန်းကလဲ ကြုံခဲ့ရဖူးတဲ့ မြန်မာအသိုင်းအဝိုင်း၊ အခု နောက်ဆုံး သြစတေးလျ ရောက်တော့လဲ ဒီလိုဘဲ ဆိုတော့ – သြော်… အဘတို့ ရွာသားတွေ ဘာဖြစ်လို့များ အချောင် တော်တော် လိုချင်ကြ ကြိုက်ကြသလဲ လို့ တွေးကြည့်မိပါတယ်။

ဆင်းရဲနွမ်းပါးကြလို့လား? အရည်အချင်း မရှိကြလို့လား? လက်ကြောမတင်းကြလို့လား? အမျိုးမျိုး ဆန်းစစ်ကြည့်မိပါတယ်။ ပြည်ပနိုင်ငံများ - အထူးသဖြင့် စင်္ကာပူ၊ မလေးရှား မှ စပြီး အမေရိကား၊ အင်္ဂလန် အဲသည်လို နိုင်ငံတွေမှာ ကိုယ်အားထုတ်သလို အားထုတ်သလောက် အခွင့်အရေးရှိနိုင်ပေမဲ့ ဒီလို အချောင်ရဖို့ စားဖို့အကျင့်ပါနေလို့ဘဲလား – အချောင်စားရတာကို အရသာတွေ့ပြီး၊ အချောင် လိုက်ရှာရတာကို ဝါသနာပါလို့ဘဲလတော့ မသိပါဖူး။

Never were truer words spoken on this board.


ReplyQuote

Leave a reply

Author Name

Author Email

Title *

Maximum allowed file size is 5MB

Preview 0 Revisions Saved